Credit to Popular Journal –
ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများပူးပေါင်းပြီး နိုင်ငံအတွင်း အထောက်အထားမဲ့အလုပ်သမားများကို ရှာဖွေဖမ်းဆီးခြင်းကို ရက်ပေါင်း (၁၂၀) စီမံချက်ဖြင့် လိုက်လံဖမ်းဆီးအရေးယူလျှက်ရှိသည်။
ထို့သို့ ဖမ်းဆီးရမိသည့် နိုင်ငံအလိုက်အလုပ်သမားများမှာ မြန်မာ အလုပ်သမား ၁၅၅,၆၆၉ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၃၂,၈၁၀ ဦး၊ လာအိုအလုပ်သမား ၁၂,၉၂၀ ဦး ၊ဗီယက်နမ်အလုပ်သမား (၁၄၁) ဦး နှင့် အခြားနိုင်ငံသား အလုပ်သမား (၆၄၉၅) ဦးတို့ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် အလုပ်သမားများအနက်မြန်မာအလုပ်သမား (၉၁၄) ဦး၊ လာအိုအလုပ်သမား (၁၈၈) ဦး ၊ကမ္ဘောဒီးယားအလုပ်သမား (၂၀၈) ဦး ၊ ဗီယက်နမ်အလုပ် သမား (၂၆) ဦးနှင့် အခြားနိုင်ငံအလုပ်သမား (၁၀၂) ဦး ၊ စုစုပေါင်း (၁၄၃၈) ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အထောက်အထားမဲ့ အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်နေသည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေဘတ် (၅,၀၀၀) မှ (၅၀,၀၀၀) ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမည်ဟု သိရသည်။
ထိုနည်းတူ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင်ဘတ် (၁၀,၀၀၀) မှ (၁၀၀,၀၀၀)ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အများဆုံး (၁) နှစ်နှင့် ဘတ်ငွေ (၅၀,၀၀၀) မှ (၂၀၀,၀၀၀)ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် (၃) နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
The post ထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ (၇၈) ရက်အတွင်း မြန်မာ အလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံရ appeared first on Popular.
إرسال تعليق