မကွေးတိုင်းအတွင်းမှ သာကြီးတောင်နှင့် ပုထိုးလုံရေနံမြေများကို PDF များထိန်းချုပ်


နိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရေနံမြေနှင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်ရှိ ပုထိုးလုံရေနံမြေတို့ကို တော်လှန်ရေးတပ်များ သြဂုတ်လအတွင်းက ထိန်းချုပ်လိုက်ရာ စစ်ကောင်စီသည် ယခုနှစ်အတွင်း ကုန်းတွင်းရေနံထုတ်လုပ်သည့် နယ်မြေသုံးခုအထိ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

တော်လှန်ရေးအဖွဲ့များသည် ဩဂုတ် ၂၀ ရက်နေ့တွင် သာကြီးတောင်ရေနံမြေတွင် တပ်စွဲထားသည့် ရဲကင်းစခန်းကိုလည်းကောင်း၊ ဩဂုတ် ၁၅ ရက်နေ့တွင် ပုထိုးလုံရေနံမြေရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီက ပေါက်နှင့် မြိုင်မြို့နယ်ကြား လက်ပံတိုရေနံမြေကို ဧပြီ ၁၈ ရက်တွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

သာကြီးတောင်ရေနံမြေ

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ နီးပါးတပ်စွဲထားသည့် အဆိုပါ သာကြီးတောင်ရေနံမြေ ရဲကင်းစခန်းကို ဩဂုတ် ၂၀ နံနက်တွင် ပခုက္ကူ၊ ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့သည်။ 

တိုက်ခိုက်ခံရပြီးနောက် ဩဂုတ် ၂၂ ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေပြာအိုင်ရဲစခန်းဘက်သို့ ဆုတ်ခွာသွားအပြီး တော်လှန်ရေးအင်အားစုများက ထိုရေနံမြေကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

“စခန်းကို တိုက်ပြီးကာမှ ဆုတ်သွားတာ။ ဒရုန်းတွေနဲ့ ဆက်တိုက်ချနေတော့ မိုးကလည်း ရွာ‌တော့ သူတို့ နေစရာအခက်အခဲတော်တော်ဖြစ်နေတာ” ဟု မြိုင်ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပခုက္ကူနှင့် ပေါက်မြို့နယ်စပ်ရှိ သာကြီးတောင်ရေနံမြေသည် ရေနံတွင်းပေါင်း ၂၀ ရှိပြီး တစ်နေ့လျှင် ရေနံစိမ်းစည် ၁၁၉ စည်နှင့် သဘာဝဓာတ်ငွေ့ (၂.၄၉၈) ကုဗပေသန်း ထုတ်လုပ်နိုင်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။

အရာတော်၊ ကျောက်ခွက်၊ လက်ပံတိုနှင့် သာကြီးတောင် ရေနံမြေမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံပိုင်စက်ရုံများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည်။

မကွေးတိုင်းအတွင်းမှ PDF တပ်ဖွဲ့ဝင်များကို ယမန်နှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေး)

သာကြီးတောင်ရေနံမြေသည် စစ်တပ်အာဏာသိမ်းပြီးနောက် လအတန်ကြာ လည်ပတ်နိုင်ခဲ့သော်လည်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုကောင်းလာသည့်အချိန်တွင် ထုတ်လုပ်ရေးမှာ ရပ်တန့်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပုထိုးလုံရေနံမြေ

ထို့အတူ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ ပုထိုးလုံရေနံမြေမှ Well 1 ထုတ်လုပ်ရေးစခန်း ရေနံမှော်ကင်းစခန်းနှင့် ရေနံကျင်းကင်းစခန်းတို့ကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဂန့်ဂေါခရိုင်တပ်ရင်းများနှင့် ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။


နံနက် အရုဏ်တက်ချိန်မှ ညနေပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းက တိုက်ခိုက်သော်လည်း ထိုနေ့တွင်ပင် တော်လှန်ရေးအင်အားစုများက စခန်းနှစ်ခုလုံးသိမ်းပိုက်လိုက်ပြီး ရေနံမြေကို ထိန်းချုပ်လိုက်သည်။

“ရေနံမြေတစ်ခုလုံးကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးနိုင်သွားပြီ။ စခန်းကလည်း အဲ့ဒီနှစ်ခုပဲရှိတယ်။ စစ်တပ်ကတော့ တော်တော်လေးခုခံတယ်” ဟု ကျောတိုက်နယ် ပအဖအဖွဲ့ဝင် ကိုဘလှိုင်းက ပြောသည်။

ထိုနေရာမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ကျောမြို့သို့ ပို့ပြီး လျှပ်စစ်ဓာတ်အားထုတ်သော်လည်း တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်နှစ်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တာဝန်ခံအင်ဂျင်နီယာနှင့်အဖွဲ့မှာ စက်ရုံမှ စွန့်ခွာသွားပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆက်ယူထားခြင်းဖြစ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ခဲယမ်းများ ထုတ်လုပ်ရာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၃) နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ထိုနယ်မြေကို ပြန်လည်စိုးမိုးရန် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“စစ်ကြောင်းထိုးဖို့ပုံစံတွေကတော့ နေ့တိုင်းလိုလို အရိပ်အယောင်တွေတော့ ပြတယ်။ အခုထက်ထိတော့ အပေါ်ကို စစ်ကြောင်းထိုးလာတာတော့ မရှိသေးဘူး။ အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာတွေတော့ နေ့တိုင်းလိုလိုရှိနေသေးတယ်” ဟု ကိုဘလှိုင်းက ဆိုသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ထားသော်လည်း ရေနံမြေမှာ လည်ပတ်နိုင်ခြင်းမရှိသေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၏ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။ 

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်းသည် လက်နက်ကိုင်ခုခံမှုအားကောင်းပြီး စစ်ကောင်စီတပ်စွဲရာနေရာများကို တော်လှန်ရေးအင်အားစုများ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့်အခြေအနေမှာ ယခုနှစ်ပိုင်းတွင် ပိုမိုအားကောင်းလာသည်။

ဝင်ငွေကောင်းသည့် ကုန်းတွင်းရေနံမြေများ

မကွေးတိုင်းတွင် ပြည်ထောင်စုအဆင့် စီမံခန့်ခွဲခွင့်ရှိသည့် ရေနံမြေ ခုနစ်ခုဖြစ်သည့် မန်းရေနံမြေ၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်/ လမ်းရွာ ရေနံမြေ၊ ကျောက်ခွက်/ လက်ပံတို/ အရာတော်ရေနံမြေ၊ စပယ်/ သာကြီးတောင် ရေနံမြေနှင့် ထန်းကိုင်းရေနံမြေတို့မှ ၂၀၁၉ တွင် ရေနံစိမ်းစည် ၂၁ သိန်းကျော်ထွက်ခဲ့ကြောင်း အရပ်သားအစိုးရလက်ထက် မကွေးတိုင်းအစိုးရက ထုတ်ပြန်ထားသည်။

သာကြီးတောင်ရေနံမြေ၊ မန်းရေနံမြေ၊ ထောက်ရှာပင်၊ ချောက်/ လမ်းရွာ၊ ကျောက်ခွက်/ လက်ပံတိုရေနံမြေတို့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလအတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၄၀၀ ကျော်ထွက်ရှိခဲ့ကြောင်း တိုင်းအစိုးရ စီမံ၊ ဘဏ္ဍာနှင့် စည်ပင်သာယာရေးဝန်ကြီးက ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြောကြားထားသည်။

လက်ပံတိုရေနံမြေအဝင်ဝဆိုင်းဘုတ်ကို ယခုနှစ် ဧပြီလကုန်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ပြည်ထောင်စုအဆင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ရေနံမြေ ၇ ခုအနက် သာကြီးတောင်ရေနံမြေအပြင် အခြားတစ်ခုဖြစ်သော လက်ပံတိုရေနံမြေကို တော်လှန်ရေးအင်အားစုများက ယခုနှစ် ဧပြီလကုန်က သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်သည်။

ပေါက်နှင့် မြိုင်မြို့နယ်ကြား လက်ပံတိုရေနံမြေတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တော်လှန်ရေးအင်အားစုများ၏ ကာလရှည် ဝိုင်းပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ခံရမှုကြောင့် ဧပြီ ၁၈ ရက်တွင် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးအင်အားစုများက ထိုနယ်မြေကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

တစ်ရက်လျှင် ရေနံစည် ၄၀၀ ခန့် ထွက်ရှိသည့် အထက်ပါ လက်ပံတိုရေနံမြေကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီသည် စစ်ကြောင်းထိုးရန် ကြိုးပမ်းမှုများရှိသော်လည်း တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ထိုနေရာကို ဆက်၍ လက်လွှတ်ထားရသည်။

တစ်နေ့လျှင် ရေနံစည် ရာနှင့်ချီ ထုတ်လုပ်နိုင်သော ရေနံမြေကို လက်လွှတ်ခဲ့ရ၍ စစ်ကောင်စီလေတပ်က ရေနံမြေအတွင်းရှိ အဆောက်အအုံများ၊ စက်ယန္တရားများကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်။

လက်ရှိတွင် လက်ပံတိုရေနံမြေမှာ ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးသော်လည်း ဒေသခံများက တစ်နိုင်တစ်ပိုင်ထုတ်လုပ်မှုတချို့ရှိကြောင်း အထက်ပါ မြိုင်ပကဖအဖွဲ့ဝင်က ပြောသည်။

“ရွာက အရင်ရှောင်နေရတဲ့သူတွေ ပြန်လာပြီးတော့ စီးပွားရေးလေးတွေ ပေရှည်တွင်းတွေ မဟုတ်ဘဲ ပေတိုတွင်းလေးတွေနဲ့ ထမင်းစားစရာ သောက်စရာ အဆင်ပြေအောင် လုပ်နေကြတာလေးတွေတော့ ရှိတယ်” ဟု ဆိုသည်။ 

မကွေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ရေနံမြေများကို ဆက်လက် စီမံခန့်ခွဲမည့်အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူတို့ကို Myanmar Now က ဆက်သွယ် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။





Source link

Post a Comment

أحدث أقدم