စားအုန်းဆီကို သမဝါယမစနစ်ဖြင့် စစ်ကောင်စီ ရောင်းပြီ - Myanmar Now


စားအုန်းဆီနှင့် အခြေခံ စားသောက်ကုန်များ စျေးတက်၊ ပစ္စည်းရှားပါး ပြတ်လပ်နေချိန်တွင် စစ်ကောင်စီက အိမ်ထောင်စုတိုင်း စားသုံးဆီ အနည်းငယ်စီ သက်သာသည့်စျေးနှုန်းဖြင့် ဝယ်ယူနိုင်မည့်  အစီအစဉ်ကို မိတ်ဆက်လာသည်။ 

အိမ်ထောင်စုတစ်ခုလျှင် ဆီဝယ်ယူခွင့်စာအုပ် တစ်အုပ် ရနိုင်မည်၊ ထိုစာအုပ် ပြနိုင်လျှင် အိမ်ထောင်စုတွင် ပါဝင်သူ အရေအတွက်ပေါ် မူတည်၍ စားသုံးဆီ ၅၀ ကျပ်သားမှ တစ်ပိဿာအထိ ဝယ်ယူနိုင်မည်ဟု နားလည်ထားကြောင်း နေပြည်တော်နှင့် ရန်ကုန်မြို့ဒေသခံများက ပြောသည်။ 

ပြင်ပစျေးကွက်တွင် တစ်ပိသာ ကျပ် ၁၃၀၀၀ ဝန်းကျင် ပေါက်စျေးရှိသည် စားအုန်းဆီကို  စစ်ကောင်စီသတ်မှတ်စျေး ကျပ် ၅,၀၀၀ ကျော်ဖြင့် ရောင်းမည်၊  ဒေသမတူလျှင် ဈေးနှုန်းအနည်းငယ်စီကွာခြားမည်ဟု ဆိုသည်။ 

ယခုလလယ်မှ စတင်ပြီး စစ်ကောင်စီ  ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်  ဆီဝယ်ယူခွင့် အထောက်အထား လက်မှတ်များ၊ စာအုပ်များ ပြုလုပ်ပေးနေသည်ဟု နေပြည်တော်မြို့ခံ တစ်ဦးက ပြောသည်။ 

“တချို့လည်း စာအုပ်၊ တချို့လည်း စာရွက်ပါပဲ” ဟု ထိုသူက ဆိုသည်။  

 စားသုံးဆီ တစ်ပိသာ လျှင် ကျပ် ၆၆၀၀ နှုန်းဖြင့် အပတ်စဉ် ရောင်းချပေးမည်ဟု သိရကြောင်း  သူက ဆက်ပြောသည်။

ဤစနစ်ကို ဗိုလ်ချုပ်ကြီးနေဝင်း၏ တစ်ပါတီအာဏာရှင်ခေတ်တွင် ကျင့်သုံးခဲ့ဖူးပြီး အခြေခံစားကုန်တချို့ကို အကန့်အသတ်များစွာဖြင့် ဝယ်ယူနိုင်သည့် သမဝါယမဆိုင်များ ရပ်ကွက်ကျေးရွာ အသီးသီးတွင် ဖွင့်ပေးခဲ့သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လတ်တလော အခြေအနေများအရ စီးပွားရေးတိုးတက်ရန် သမဝါယမစနစ်သည် အကောင်းဆုံးဖြစ်သည်ဟု  ဇူလိုင် ၂၉ အစည်းအဝေးတစ်ခုတွင် ပြောဆိုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်ကဲ့သို့ပင် ရန်ကုန်တွင်လည်း ထိုစနစ် အစပြုနေပြီဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း စားအုန်းဆီဝယ်ယူခွင့် အထောက်အထားလက်မှတ် ထုတ်ပေးရန်အတွက် စာရင်းကောက်ခံနေသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ 

သို့သော် စာရင်းကောက်ခံနေဆဲသာဖြစ်၍ အသေးစိတ်ကို မသိရှိရသေးပေ။ 

“ဆီစာအုပ်လုပ်ရမယ်ပဲ ပြောတာပဲ။ တစ်အိမ်ထောင် လူဘယ်နှစ်ယောက်ရှိရင် ဆီဘယ်လောက်သားဆိုပြီး ပေးမယ် ထင်တာပဲ ” ဟု အထက်ပါရန်ကုန်မြို့ခံက ဆက်ပြောသည်။ 


လက်ရှိတွင် စစ်ကောင်စီ၏ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာလျှင် ၅,၉၄၅ ကျပ် ဖြစ်နေရာ ပြင်ပဈေးနှင့် နှစ်ဆကျော် ကွာဟနေသည်။ 

ထို့ကြောင့် ဆီလုပ်ငန်းရှင်အများစု အရှုံးခံရောင်းချနေရပြီး ယခုရက်ပိုင်းတွင် မြို့ကြီးများရှိ ကုန်တိုက်တချို့ကလည်း စားအုန်းဆီကို ဆိုင်တင် ရောင်းချမှု ရပ်ဆိုင်းထားသည်။ 

စျေးကွက်အတွင်း၌ စစ်ကောင်စီက သတ်မှတ်ထားသောနှုန်းဖြင့် ရောင်းချသည့်ဆိုင်မရှိသလောက်ပင် ဖြစ်သည်ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဝယ်နေကျဖောက်သည်၊ ရင်းနှီးသည့် ဖောက်သည်တို့ကိုသာ ကျပ်တစ်သောင်းကျော်စျေးဖြင့် ရောင်းပေးနေသည်ဟု သူက ဆက်ပြောသည်။

ကုန်စျေးနှုန်းဆက်တိုက်မြင့်တက်လာမှုကြောင့် ဝင်ငွေနည်းသူတို့ ဆီဝယ်နှုန်း ကျဆင်းလာရာ စားအုန်းဆီကို ၁၀ ကျပ်သားချင်းစီ ဝယ်ယူသူများပင် ရှိနေသည်ဟု သူက ဆိုသည်။ 

စစ်ကောင်စီ၏သတ်မှတ်နှုန်းအတိုင်းရောင်းချမှုမရှိသော ဆိုင်များ၊  လုပ်ငန်းရှင်များ ဖမ်းဆီးစစ်ဆေးခံနေရပြီး၊  ဆီတစ်ပိသာလျှင် ကျပ်တစ်သောင်း ကျော်ဖြင့် အရောင်းအဝယ် လုပ်ဆောင်မှုသည် မှောင်ခိုစျေးကွက် ဖြစ်နေသည်။  

လတ်တလောတွင် ဆီလုပ်ငန်းရှင်များအသင်းထံမှ စားအုန်းဆီ လုံလုံလောက်လောက် မရသဖြင့် ထိန်းရောင်းနေရသည်ဟု ရန်ကုန်မြို့ရှိ ဆီပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ 

“ဆီအသင်းက စားအုန်းဆီလည်း မချပေးတော့ အခုက ပဲဆီဆိုရင်က လက်လီသမားတွေ နားထားရတယ်”  ဟု သူက ဆိုသည်။

စစ်ကောင်စီ သတ်မှတ်စျေးဖြင့် ပွဲရုံကိုယ်စားလှယ်များက တစ်အိမ်ထောင်စုလျှင် ဆီ ၄၀ ကျပ်သား ရောင်းချပေးသည့် အစီအစဉ်မှာလည်း ရပ်နားနေပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ဆီတင်သွင်း သော ကုမ္ပဏီများက တိုက်ရိုက်ရောင်းချပေးတော့မည်ဟု ထိုသူက ဆက်ပြောသည်။ 

ယခင်က  ဆီတင်သွင်းသော ကုမ္ပဏီများက ပွဲရုံကိုယ်စားလှယ်များကို ဆီခွဲတမ်းချပေးပြီး အများပြည်သူသို့ ရောင်း ချခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးကမူ လတ်တလောတွင် စျေးကွက်အတွင်း စားအုန်းဆီ ပြတ်လပ်မှု မရှိကြောင်း၊ ဆီလုပ်ငန်းရှင်များကိုလည်း ကုမ္ပဏီများက ဆီပုံမှန်အတိုင်း ရောင်းချပေးနေကြောင်း ပြောသည်။ 

သို့သော် အသေးစိတ်ဖြေကြားခြင်း မရှိပေ။

ဆီပြတ်လပ်မှုမရှိဟု ဆိုသော်လည်း စစ်ကောင်စီလက်ထက် သတ်မှတ်ရောင်းဈေးနှင့် ပြင်ပပေါက်ဈေး နှစ်ဆကျော် ကွာဟနေ၍ မှောင်ခိုဈေးကွက်ပါ ဖြစ်ပေါ်နေချိန် စစ်ကောင်စီသည် အိမ်ထောင်စုအလိုက် အလှည့်ကျ ခွဲတမ်းစနစ်ကို ကျင့်သုံးရန် ပြင်ဆင်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်ရှိလာချိန်တွင် ယခင်က အချိန်မရွေးဝယ်ယူနိုင်သည့် ဆန်နှင့် စားအုန်းဆီ စသည့် အခြေခံကုန်စည်များကိုပင် ပြည်သူလူထုက အချိန်ယူတန်းစီပြီး ဝယ်နေရသည့် အဖြစ်သို့ ဆိုက်ရောက်နေသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခတ်နေသော စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုများ ချမှတ်နေသဖြင့် အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေသည့် စစ်ကောင်စီသည် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကို မထိန်းချုပ်နိုင်သောကြောင့် ကုန်ဈေးနှုန်းလည်း ကျွဲကူးရေပါ တက်လာခဲ့သည်။

စားအုန်းဆီသည်လည်း ပစ္စည်းနှင့် ဝယ်လိုအား မမျှကာ တန်းစီဝယ်ယူရမှုအခြေအနေအထိ ဆိုက်လာသည်။

ဇူလိုင် ၂၇ ရက်နေ့က ဖွဲ့စည်းလိုက်သော စစ်ကောင်စီ၏ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီသည် ဆန် စပါးအသင်းချုပ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စသည့် အသင်းအဖွဲ့များမှတစ်ဆင့် ကုန်သည်များကို ဖိအားပေးကာ ဆန်နှင့် ဆီ  ဈေးလျှော့ရောင်းခိုင်းပြီး ကုန်စျေးနှုန်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။





Source link

Post a Comment

أحدث أقدم