အကြိမ် (၃၀) မြောက်မှသည် ရတုအဆက်ဆက်ဆီ


အကြိမ် (၃၀) မြောက်မှသည် ရတုအဆက်ဆက်ဆီ

အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုပေးပွဲကြီးအား ၂၀၂၄ ခုနှစ်ဩဂုတ်လ ၂၄  ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့်ပုံရိပ်များကို ရုပ်မြင်သံကြားမှတစ်ဆင့် ကြည့်ရှုလိုက်ရသည်။ ဆုရရှိသူများရော အခမ်းအနား တက်ရောက်လာကြသူများပါ ပြုံးပျော်နေကြသည်။  “အမှောင်ခွင်း၍ အလင်းဆောင်အံ့”၊ “စာပေမြင့်မှ လူမျိုးတင့်မည်” ဟူသည့်အတိုင်း မိမိတို့ တတ်စွမ်းရာကလောင်ဖြင့် လောကအလင်းဆင်နိုင်ရေး၊ မိမိတို့လူမျိုး တင့်တယ်

နိုင်ရေး    စာပေလက်ရာအဖုံဖုံဖန်တီးခဲ့ကြသည့် ဆုရစာရေးဆရာများ၊  ပခုက္ကူစာပေတစ်သက်တာဆု ချီးမြှင့်ခြင်းခံရသည့် ဆရာကြီးများအတွက် ဝမ်းသာပီတိဖြစ်ရသည်။    မုဒိတာလည်းပွားမိပါသည်။ အထူးသဖြင့် ရေးဖော်ရေးဖက်များ၊ ခင်မင်လေးစားရသည့် ကလောင်ရင့်ဆရာကြီးများပါ ဆုချီးမြှင့်ခြင်းခံရ သည့်အတွက်ပါ ဝမ်းသာဂုဏ်ယူမိသည်။

ယခုနှစ်   ပခုက္ကူစာပေဆုချီးမြှင့်ခံရသူများကို လေ့လာကြည့်ရာတွင် ရဟန်းစာဆိုသာမက ဌာနစုံမှ ဝန်ထမ်းများ၊   အငြိမ်းစားများပါဝင်ကြသည်ကို သတိပြုမိသည်။   တပ်မတော်သားများလည်း ပါဝင်သည်။   မူလတာဝန်အပြင်  ကလောင်တံကိုင်စွဲလျက် စာပေမြင့်ခြင်းအားဖြင့် လူမျိုးဂုဏ်တင့် နိုင်အောင် ကြိုးပမ်းအားထုတ်ကြသော စာဆိုစစ်သည်များ၊ ရဟန်းစာဆို လူစာဆိုများကို လေးစားအား ကျဂုဏ်ယူရပါသည်။ တစ်ဆက်တည်းမှာပဲ ကောင်းရာဘုံဌာနကို ရောက်ရှိနေမည့် ပခုက္ကူဦးအုံးဖေ စာပေဆု ဖန်တီးတည်ထောင်သူ  ဘဘအုံးဖေကိုလည်း စိတ်ဝယ်ရည်မှန်း ဦးခိုက်မိပါသည်။  အကြိမ်  (၃၀) တိုင်အောင်  နှစ်စဉ်မပျက် ပခုက္ကူဦးအုံးဖေစာပေ ဆုပေးပွဲ ကျင်းပနိုင်အောင်  လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသူများကိုလည်း ကျေးဇူးတင်မိပါသည်။        

ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့် လူငယ်များ ဗလငါးတန်ပြည့်ဝစေရေး     ဘက်စုံထောင့်စုံမှ စီမံဆောင်ရွက်ပေးနေသည်။ တိုင်းပြည်တစ်ဝန်း စာကြည့်တိုက်များပိုမိုပေါများပြီး အသက်ဝင် နိုင်စေရေး အတွက်လည်း    ကြိုးစားဆောင်ရွက်နေသည်ကို ဝေဝေဆာဆာ မြင်တွေ့ နေရသည်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဟူသည့်အတိုင်း လူငယ်များလမ်းမှား မရောက်စေရေး မိတ်ကောင်းဆွေမွန်များကို   လူငယ်များနှင့်အနီးဆုံးဆီရောက်ရှိအောင် ဆောင်ရွက် ပေးနေသည်။ ပခုက္ကူဦးအုံးဖေစာပေဆုရ စာအုပ်များသည် သုတ၊ ရသ စုံလင်ပြီး လေ့လာမှတ်သားဖွယ်ကောင်းသည့်   စာအုပ်များ

ဖြစ်ကြသည်။ ကျွမ်းကျင်စာပေပညာရှင်ကြီးများ၏ အကဲဖြတ်ရွေးချယ်မှုကြောင့် ထိုသို့လက်ရာကောင်းစာပေများကို အများပြည်သူဖတ်ရှုခွင့်ရရှိခြင်းဆိုလျှင်မမှားပေ။ ပခုက္ကူဦးအုံးဖေစာပေဆုမှတစ်ဆင့် အမျိုးသားစာပေဆုအထိ အောင်ပန်းဆင်နိုင်ခဲ့ကြသော စာအုပ်များလည်း ပေါ်ထွက်ခဲ့ပါသည်။

သုတ၊ ရသ စာပေအသီးသီးတွင် ရသကိုးပါးအနက် အနည်းဆုံး တစ်မျိုးနှစ်မျိုးပါဝင် ကြသည်သာဖြစ်၏။ သုတစာပေသည်   အတတ်ပညာတိုးပွားစေပြီး ရသစာပေသည်      စိတ်နှလုံးရင့်သန်စေရန် အထောက်အကူပြု၏။    ရသစာပေများထဲမှ လူတန်းစားအမျိုးမျိုး၏  ဘဝအဖုံဖုံကို လေ့လာဆင်ခြင်သုံးသပ်လျက် မိမိတို့ဘဝလမ်းကြောင်းကို တည့်မတ်ခိုင်မာစေရမည် ဖြစ်သည်။ စာရေးသူ၏ ဘဝကိုလည်း  ထိုသုတ  ရသ  စာပေများကပင် ထိန်းကျောင်းခဲ့ခြင်းဖြစ်သည်။ စာကောင်းပေမွန်တို့သည် နယ်နိမိတ်အပိုင်းအခြားနှင့် ခေတ်ကာလတို့ကိုလွန်လျက်   မွှေးပျံ့လတ်ဆတ်သောရနံ့ကို ဆောင်နိုင်စွမ်းရှိသည်မှာ အမှန်ပင်ဖြစ်ပေသည်။ လတ်တလော ပြန်လည်ဖတ်ရှု ဖြစ်သည့် ဆရာကြီး နတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်း၊ ဆရာကြီးကျော်အောင်၏  အရေးကြီးပြီ   သွေးစည်းကြစို့၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ စိမ်းနေဦးမည့် ကျွန်တော့်မြေ  စသည့်ဂန္ထဝင်ဝတ္ထုကြီးများထဲမှ ဇာတ်ကောင်များသည်    စာရေးသူအပါအဝင် မျိုးဆက်သစ်များအား ဝီရရသများ ပေးစွမ်းနိုင်ခဲ့ပါသည်။ စာရေးသူအနေဖြင့်  ထိုဝတ္ထုကြီးများပါ ဇာတ်ကောင်များ၏  စိတ်ဓာတ်ခံယူချက်များကို လက်ခံကျင့်သုံးရမည်ဟူသော အသိကိုရရှိခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ဝန်းကျင်မှ စာများပင်ဖြစ်လင့်ကစား ယနေ့ထက်တိုင် အသက်ဝင်ပီပြင်နေဆဲပါပေ။ တစ်ဖန် လတ်တလော ဖတ်မိသည့် ကဗျာဆရာကြီး စလင်းဘုန်းကျော်၏ ကျေးဇူးမဲ့သော တပည့် တစ်ယောက်အကြောင်း လှပစွာသီကုံးထားသည့် ကဗျာတစ်ပုဒ်ကလည်း ထိမိလှပါဘိ။ ဆိုရသော် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး စသော ခေါင်းစဉ်များအောက်တွင် စာရေးသူတို့  မမြင်မတွေ့ခဲ့ရသော၊ မမီခဲ့သော သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များ၊  နိုင်ငံ့ရေးရာ  အဖြာဖြာများမှသည် လူ့သဘော လူ့မနောတို့ကို ဆည်းပူးလေ့လာ၍ မကုန်နိုင်ပါပေ။ အလွှာအသီးသီးမှ စာပေပညာရှင်တို့၏ လက်ရာမွန်များကြောင့်  တပ်မတော်သား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာတို့၏ ဘဝများကို မြင်ခွင့်ရသည်။ ရိုးရာယဉ်ကျေးမှုများအကြောင်းကိုလည်း သိခွင့်ရသည်။ စာရေးဆရာတစ်ဦးချင်းစီ၏ အတွေ့အကြုံများမှသည် စာပေဥယျာဉ်ကြီးတစ်ခုဖြစ်လာရသည်။ ထိုစာပေဥယျာဉ်ကြီးအတွင်း လေ့လာမှတ်သားဖွယ် ပညာရပ်မျိုးစုံကို အမိအရဖမ်းယူကာ ကိုယ်စီကိုယ်စီ ကြိုးစားကြမည်ဆိုပါလျှင် ယဉ်ကျေးသိမ်မွေ့သော၊  ဓမ္မနှင့်အဓမ္မကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်သော လူကောင်းလူတော်များ မလွဲမသွေဖြစ်လာကြပေမည်။

ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်းလုံး စာဖတ်ရှိန်မြှင့်တင်ရေးများဆောင်ရွက်နေသည်။   ဖတ်ရုံနှင့်မပြီးဘဲ   အမှန်တကယ် လိုက်နာကျင့်သုံးကြဖို့လည်းလိုသည်။  သို့မှသာ  တိုးတက်မှုရှိပေမည်။ တာဝန် ရှိမှုကြောင့်  စာဖတ်ပြရခြင်းမျိုး မဟုတ်ဘဲ ဘဝလမ်းကြောင်းမတိမ်းစောင်းဖို့၊   နှလုံးသား စိတ်အာဟာရဖြည့်ဖို့   စာဖတ်ရခြင်းဖြစ်ကြောင်း နားလည်ကြဖို့ လိုပါသည်။ စာပေနှင့်ပတ်သက်၍ စာပေပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများက စိတ်ရောကိုယ်ပါနှစ်လျက် အားပေးအားမြှောက် ပြုနေချိန်တွင် အောက်ခြေအဆင့် တာဝန်ရှိသူများအနေဖြင့်  လုပ်ငန်းအဆင်ပြေစေရေး   “ဟန်ပြ” လုပ်ဆောင်ခြင်းမျိုးထက်   အနှစ်သာရရှိစေဖို့ အရေးတွေးစေလိုသည်။ ပခုက္ကူဦးအုံးဖေစာပေဆု၊ စာပေဗိမာန်စာမူဆု၊ အမျိုးသားစာပေဆု အသီးသီးသည် စာရေးဆရာတိုင်း ခုံမင်တန်ဖိုးထားသော ဆုများဖြစ်ကြ၏။ ဆုရသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ၊ ငွေကြေးအားဖြင့်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စာရေးဆရာတို့သည် ဝါသနာထုံသော စာရေးခြင်းအတတ်ပညာကို မစွန့်လွှတ်နိုင်ကြပေ။ ထိုဝါသနာတွင် ကိုယ်ရည်သွေးလိုခြင်း၊ အောင်မြင်မှုရယူလိုခြင်းတို့ထက် အများပြည်သူအတွက်ဟူသော စေတနာတို့က ရှေ့ဆုံးမှရှိနေပါ၏။ ထို့ကြောင့်ပင် ဝေလည်းမွှေး ကြွေလည်းမွှေးမှ တပ်ကြပ်ကြီးဖိုးစည်ကို စာရေးသူတို့ သဘောကျခဲ့သည်။ အရေးကြီးပြီ သွေးစည်းကြစို့မှ ဇာတ်ကောင် အင်ဂျင်နီယာ ဦးသောင်းဒန်ကို အားကျလေးစားမိသည်။ ကြိုးကြာတောင်ပံခတ်သံမှ ချင်းတောင်လတ်ငြိမ်းကို အားကျခဲ့သည်။ အများနှင့်မသက်ဆိုင်သောလူမှ စိတ်မနှံ့သော်ငြား လူသားပီသသည့် ဇာတ်ကောင်ကို အတုယူခဲ့မိသည်။ ဆရာကြီး မင်းသုဝဏ်၏ သူ့မှာတမ်း ကဗျာထဲမှ ပြောက်ကျားရဲဘော်လေးကို လေးစားငဲ့ညှာမိသည်။  စာပေမှ ပေးသော   စွမ်းအားများပင်တည်း။   စာပေသူရဲကောင်းများသည် ကုန်နိုင်ဖွယ်မရှိ။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပေါ်ထွက်နေမည်သာ ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စာပေပညာရှင်များအား ထိုက်သင့်သည့်ချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာမိပါသည်။ အစဉ်အလာကောင်းတို့ဖြင့် ရပ်တည်ခဲ့သော မြန်မာစာပေသည် ရဟန်းစာဆို၊ လူစာဆို၊ မင်းမှုထမ်းစာဆိုတို့၏ ကလောင်စွမ်းဖြင့် နှောင်းလူတို့ မှတ်သားကိုးကားစရာများကို ပေထက်အက္ခရာတင်ခဲ့ကြ၏။ ရှေးစာဆိုကြီးများ၏ စာပေလက်ရာ များကို နည်းမီဆန်းသစ်လျက် မျက်မှောက်ကာလတွင်လည်း ရဟန်းစာဆို၊ လူစာဆို၊ မင်းခယောကျ်ား စာဆိုစစ်သည်များကလည်း အမျိုးသားစာပေကို လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိပေသည်။   ထိုအမျိုးသားစာပေရေရှည်တည်တံ့ခိုင်မာစေဖို့  တစ်ဖက်တစ်လမ်းမှ  စာပေအုတ်မြစ်ချပေးခဲ့သော ပခုက္ကူဦးအုံးဖေ၏ ကျေးဇူးကား ကြီးမားလှပေစွ။ သူ၏ကျေးဇူးကြောင့် မျိုးဆက်သစ် ကလောင်ရှင်များ ထပ်မံပေါ်ထွက်ခဲ့ကြပြီး စာပေအသိအမြင်ကို ထပ်မံမျှဝေနိုင်ခဲ့ကြသည်။  

ပထမဆုံးအကြိမ် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ၁၉၉၄ ခုနှစ်တွင်ကျင်းပခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်း ၃၀ ရှိခဲ့လေပြီ။  မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထွန်းကားရေးအတွက် စာပေနည်းဖြင့် အထောက်အကူပြုရန်၊ မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်စေမှုကို ရှေးရှုရန်၊  အတွေးအခေါ်နှင့် အသိဉာဏ်ပညာဗဟုသုတ တိုးပွားကျယ်ပြန့် စေရေးအတွက် ကူညီရန်၊  အကျင့်စာရိတ္တပြုပြင်ရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရေးအတွက် အထောက်အပံ့ဖြစ်သော စာပေများ တိုးပွားစေရန်ဟူသည့် ချမှတ်ထားသော အခြေခံမူများနှင့်အညီ ငွေရတုအလွန်ကာလမှသည် ရွှေရတု၊ စိန်ရတုများအထိ ရတုအဆက်ဆက် ပခုက္ကူဦးအုံးဖေစာပေဆု ရှင်သန်ရပ်တည်နိုင်ပါစေ၊ ကလောင်စွမ်းအားဖြင့် စာပေမြှင့်ကာ လူမျိုးတင့်နိုင်ပါစေ၊ အမှောင်ခွင်း၍  အလင်းဆောင်နိုင်ကြပါစေ  ဟု ရည်သန်လျက် အကြိမ်(၃၀) မြောက် ပခုက္ကူဦးအုံးဖေစာပေ ဆုချီးမြှင့်ပွဲ အခမ်းအနားမြင်ကွင်းကို ခံစားသက်ဝင် မုဒိတာရင်ခွင်ဖြင့် ဂုဏ်ပြု ရေးသားလိုက်ရပါသည်။    ။

နွေကံ့ကော်(မြို့လှ)



Source link

Post a Comment

Previous Post Next Post