စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။
လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။
ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုဩဇာက ပြောသည်။
ထိုမြို့သိမ်းတိုက်ပွဲတွင် ပွိုင့် ၅ အမျိုးအစား စက်သေနတ်အပါအဝင် လက်နက်ကြီး အစုံ ၄၀၀ ကျော် သိမ်းဆည်းရမိသည်ဟု ဆိုသဖြင့် စစ်ကိုင်းတိုင်းအတွင်း လက်နက်သိမ်းဆည်းရမိမှုအများဆုံးတိုက်ပွဲကြီး ဖြစ်လာသည်။
စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာမြင့်လာချိန်တွင် လက်နက်ကိုင်ခုခံမှုအားကောင်းသော၊ မြို့ပေါင်း ၅၀ ကျော်ရှိသော စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထိန်း ချုပ်ထားသည့် မြို့အရေအတွက် ၅ မြို့ ရှိလာပြီဖြစ်သည်။
ပင်လည်ဘူးမြို့
မြို့ပေါ် ရပ်ကွက် ၂ ခုတွင် အိမ်ခြေ ၁၅၀၀ ကျော်သာရှိသော ပင်လည်ဘူးမြို့သည် လူဦးရေ ၇၀၀၀ ဝန်းကျင် နေထိုင်ရာ မြို့ဖြစ်သည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊အင်းတော်မြို့တို့ပါဝင်သည့် “ကသာခရိုင်”၊ ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသိုတို့ ပါဝင်သည့် “ကောလင်းခရိုင်”၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် တို့ ပါဝင်သည့် “ကန့်ဘလူခရိုင်” စသည့် ခရိုင် ၃ ခုကို စုပေါင်းပြီး “က သုံးလုံးနယ်မြေ” ဟုလည်း ခေါ်ကြသည်။
ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ အင်းတော် စသည့်မြို့များနှင့် ဆက်စပ်နေပြီး ထောက်တိုင်သဖွယ် ရှိနေသည့် ပင်လည်ဘူးမြို့မှာ တော်လှန်ရေးအင်အားစုအတွက်ရော၊ စစ်တပ်အတွက်ပါ စစ်ရေးအရ အရေးပါသည်။
ဧရာဝတီမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်းဆက်သွယ်သည့် လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသောမြို့ ဖြစ်သည့် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခြင်းက စစ်တပ်၏ အရေးပါသည့် ခံစစ်လိုင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG စစ်ရုံးချုပ်က ဆိုသည်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုသာမက ကလေး၊ ဂန့်ဂေါ၊ ဖူးကြီးအခြေစိုက်တပ်များ အပါအဝင် ခြေလျင်၊ ခြေမြန် တပ်ရင်း ၁၀ ခုမှ စစ်သားများ၊ ပြည်သူ့စစ်များ၊ စစ်တပ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၈၀၀ နီးပါးဖြင့် ခုခံခဲ့သည်ဟု NUG က ဆိုသည်။
တော်လှန်ရေးအင်အားစုကလည်း ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ကောလင်း၊ မော်လိုက်၊ ရွှေဘို၊ တမူး၊ ကလေး၊ ယင်းမာပင်၊ မုံရွာ အခြေစိုက် တပ်ရင်း တပ်ဖွဲ့များ၊ နယ်မြေခံ ပကဖများအပါအဝင် အင်အားထုဖြင့် ထိုးစစ်ဆင်ခဲ့သည်ဟု ဆိုသည်။
ဆုတ်ခွာခွင့်တောင်းသည့် စစ်ကောင်စီတပ်
ဩဂုတ် ၁၅ ရက်က စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲတွင် မြို့ထဲရှိဗျူဟာအရ အချက်အချာကျသည့် ကုန်းများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစုက သုံးဖွဲ့ ခွဲပြီး ထိုးစဆင်ခဲ့ကြသည်ဟု သိရသည်။
စစ်တပ်ကလည်း တိုက်လေယာဉ်မှသည် ကင်းထောက်လေယာဉ်၊ သယ်ယူပို့ဆောင်ရေး အမျိုးအစား (Y 12) စသည့် လေယာဉ်မျိုးစုံဖြင့် နေ့စဉ်တိုက်ခိုက်ခဲ့ပြီး ဗုံးသီးအလုံးရေ ၅၀၀၀ ကျော် ကြဲချခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
တစ်နေ့လျှင် လေကြောင်းတိုက်ခိုက်မှုအနည်းဆုံးငါးကြိမ်ခန့်ပြုလုပ်လေ့ရှိပြီး သယ်ယူပို့ဆောင်ရေး အမျိုးအစား Y 12 ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ဆယ်နှင့်ချီ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်ဟု စစ်မြေ ပြင်တွင် ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“နေ့ခင်းပိုင်း တစ်ခါပတ်တယ်။ ပတ်ပြီးတော့ ဗုံးကြဲတယ်။ ညပိုင်းတစ်ခါပတ်တယ်။ ပတ်ပြီးတော့ ဗုံးကြဲတယ်။ မနက်ဆို ဝေလီဝေလင်းမှာ ဗုံးလာကြဲတယ်။ ဖိုက်တာတွေနဲ့လာပစ်တယ်”ဟု ယင်းမာပင်ခရိုင် ဗျူဟာ ၄၁ မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
“ညဘက်ဆိုရင် Y 12 က တောက်လျှောက်ဗုံးကြဲနေတာ။ ညတွေမှာဆိုတော့ လေယာဉ်က မမြင်ရဘူး။ အသံပဲ ကြားရတာ။ အသံပဲကြားရပြီးတော့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ဗုံးကြဲတဲ့ဒဏ်တွေပေါ့။ စိတ္တဇ ဖြစ်မတတ်ပဲ”
လေကြောင်းတိုက်ခိုက်မှုများကြားမှ စစ်တပ်အခိုင်အမာတပ်စွဲထားရာ စခန်းကုန်းများဖြစ်သည့် ကျောက်တိုင်ကုန်းနှင့် ဘုရားကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရဲစခန်းတွင် စုစည်းသွားသည်။
အခိုင်အမာခြေကုပ်ယူထားသည့် ရဲစခန်းတွင် စုဝေး ခုခံသော်လည်း ပိတ်ဆို့ ဖြတ်တောက်မှုဒဏ်ကြောင့် စားနပ်ရိက္ခာနှင့် ဆေးကုသခွင့် အခက်ကြုံလာပြီးနောက် လက်နက်ချ ဆုတ်ခွာသွားကြသည်ဟု စစ်ကိုင်းတိုင်း ပကဖ တာဝန်ရှိသူက ပြောသည်။
“သူတို့တပ်ရင်းမှူးတွေနဲ့ အရာရှိတွေ ကိုယ်တိုင်ဒဏ်ရာရရှိတာတွေ ရှိတယ်။ တချို့လည်း ဆေးကုသနိုင် ခြင်းမရှိတဲ့အတွက်ကြောင့် လောက်တွေ ဘာတွေထွက်ပြီးတော့ လက်တွေ၊ ခြေထောက်တွေ ပုပ်နေတာတွေ ရှိလာတယ်။ ဒါကြောင့်မလို့ သူတို့ ဆုတ်ခွာခွင့် ဆက်သွယ်ပြီးတောင်းလာတဲ့အတွက် ကျွန်တော်တို့ ကွပ်ကဲသူများက ဒါကို ဆုံးဖြတ်ပြီး ဆုတ်ခွာခွင့်ပေးခဲ့တာ” ဟု စစ်ကိုင်းတိုင်း ပကဖ တာဝန်ခံ ကိုဩဇာက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးအင်အားစုက မြို့ကို အလုံးစုံ ထိန်းချုပ်လိုက်သည့် အောက်တိုဘာ ၈ ရက်နေ့ နံနက်တွင် စစ်တပ်က မြို့အနှံ့ကို လေကြောင်း မှ အရှိန်မြှင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
မြေပြင်မှစစ်ကူမပို့နိုင်သည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်အားပြုခဲ့ရာ တော်လှန် ရေးအင်အားစုက မြို့ကို သိမ်းပိုက်နိုင်မည်ဟု ခန့်မှန်းထားသည့်ရက်ထက် ပိုမိုအချိန်ယူခဲ့ရသည်ဟု ဗျူဟာ ၄၁ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ စခန်းတစ်ခု တက်လုံးပြီဆိုရင်၊ လေကြောင်းက ပစ်ပြီဆိုရင် ကျွန်တော်တို့က လုံးရတာ သိပ်အဆင်မပြေရဘူး။ အဲ့ဒီတော့ လုံးတာ အရှိန်ပြန်လျှော့ရ။ ပြီးတော့ ပြန်လုံးရ။ အဲ့လိုအခြေအနေမျိုးမှာ အားပြန်ယူရတဲ့အနေအထား၊ အရှိန်ယူရတဲ့အနေထားတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀၂ ဦး ရခဲ့ပြီး ထိုအထဲတွင် ရာထူးအမြင့်ဆုံးမှာ ဒုဗိုလ်မှူးကြီး တစ်ဦး ဖြစ်သည်၊ ဝန်ကြီးဌာနညွှန်ကြားချက်နှင့် အညီ ကျွေးမွေးစောင့်ရှောက် ထိန်းသိမ်းထားသည်ဟု စစ်ကိုင်းတိုင်း ပကဖ တာဝန်ခံ ကိုဩဇာက ပြောသည်။
အချို့သုံ့ပန်းများမှာ တော်လှန်ရေးအင်အားစုနှင့်အတူ တိုက်ပွဲဝင်နေသည်၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်နေသူများလည်း ရှိသည်ဟု ကိုဩဇာက ပြောသည်။
အမှတ် (၁) စစ်ဒေသ၏ တိုက်ပွဲအပြီး ထုတ်ပြန်ချက်တွင် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံးသည်၊ ဒဏ်ရာရသူ ၂၂၀ ကျော် ရှိသည့် အနက် သုံးပုံတစ်ပုံကျော်မှာ စိုးရိမ်ရသည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၀ ကျော် ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။
ထိုပျောက်ဆုံးစစ်သား ၂၀၀ ကျော်တွင် စစ်တပ်မှ ထွက်ပြေးသူများ၊ တော်လှန်ရေးအင်အားစုထံ လက်နက်ချရန် ကြိုးစားချိန်တွင် အချင်းချင်း ပစ်ခတ်သဖြင့် သေဆုံးသူများ ပါဝင်သည်ဟု စစ်ကိုင်းတိုင်း ပကဖ တာဝန်ခံ ကိုဩဇာက ဆိုသည်။
ငါးကြိမ်မြောက် မြို့သိမ်းတိုက်ပွဲ
ကောလင်းနှင့် ကပ်လျက်ရှိ ပင်လည်ဘူးမြို့ကို သိမ်းယူနိုင်ရေး တော်လှန်ရေးအင်အားစုတို့၏ ကြိုးပမ်းမှု မှာ အာဏာသိမ်းပြီး နောက်တစ်နှစ်ကျော်ကတည်းကပင် စတင်ခဲ့သည်။
၂၀၂၂ ခုနှစ် ဧပြီလက ပင်လည်ဘူးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ဆယ်ရက်နီးပါးကြာအောင် စီးနင်းတိုက်ခိုက်ခဲ့ကြပြီး ထိုတိုက်ပွဲမှာ မြေပြန့်ဒေသတွင် အစောဆုံး မြို့သိမ်းတိုက်ပွဲတစ်ခုလည်းဖြစ်သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီ ခြေကုပ်ယူထားသည့် “မြို့၏ လေးပုံတစ်ပုံခန့်”ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြို့ကို ကာလရှည်ကြာမထိန်းချုပ်နိုင်ခဲ့သော်လည်း လူထုနှင့်တော်လှန်ရေးအင်အားစုအတွက် စိတ်ဓါတ်ရေးရာ အရေးပါခဲ့သည့်အခြေအနေဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။
ယခင်မြို့သိမ်းတိုက်ပွဲများမှ ဟာကွက်များကို ပြင်ဆင်ဖြည့်စွက်ကာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှု ကြောင့် ယခုတစ်ကြိမ်တွင် အောင်မြင်ခဲ့ရကြောင်း အထက်ပါ တပ်ဖွဲ့ဝင်က မှတ်ချက် ပြုသည်။
“ပေါင်းစပ်ညှိနှိုင်းမှုပါပဲ။ အရင်ပွဲတွေဆီကနေ အဆင့်ဆင့်သင်ယူလာပြီး အရင်က ဟာကွက်တွေကို ဖြည့်တင်းပြင်ဆင်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့ အားသာချက်တွေထဲက တစ်ခုဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ပထမအကြိမ် မြို့သိမ်းတိုက်ပွဲစချိန်ကတည်းက မြို့ခံအများစု နေရပ်စွန့်ခွာသွားကြပြီးနောက် စစ်တပ်က မြို့ထဲ ဗျူဟာကျသည့် နေရာများတွင် နေရာယူထားပြီး ကတုတ်ကျင်းများ၊ ဘန်ကာများဖြင့်အခိုင်အမာ ခြေကုပ်ယူတပ်စွဲထား သည်။
ယခင်မြို့သိမ်းတိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုက စခန်းကုန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ သော်လည်း စစ်တပ်၏ လေကြောင်းဒဏ်ကြောင့် ကြာရှည်မထိန်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
သို့သော် ယခုတစ်ခေါက်တွင် လေကြောင်းတိုက်ခိုက်မှုကို အန်တုကာ သိမ်းပိုက်ပြီးစခန်းကုန်းများကို ဆက်လက် ထိန်းချုပ်ခဲ့သည်။ စခန်းကုန်းများမှ ဆုတ်ခွာသွားရပြီးနောက် ၎င်းတို့၏ ခံစစ်သည် မြို့အတွင်းပိုင်းရှိ ရဲစခန်းဝန်းသို့ ပြောင်းလဲသွားသည်။
နောက်ဆုံးခံစစ်စခန်း ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်ကြောင်းတစ်ခုလုံး လက်နက်ချကြခြင်း ဖြစ်သည်ဟု သိရသည်။
အင်အား ၈၀ နီးပါး ပါဝင်သည့်ထိုစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် စစ်သားစုဆောင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သစ်များ အများပြားပါဝင်သည်ဟု ဗျူဟာ ၄၁ မှ တာဝန်ရှိသူက ဆိုသည်။
“ရဲစခန်းကို သူတို့ကျန်ခဲ့တဲ့ အင်အားနဲ့ ဆက်လက်ပြီး ခုခံနေတဲ့ အနေထားကနေ ဘယ်လိုမှ ဆက်လက် မခုခံနိုင်တော့တဲ့ နောက်ဆုံးမှာ လက်နက်ချတယ်။ လက်နက်ချတယ်ဆိုတာကလည်း ဒီအတိုင်း အညံ့ခံတဲ့ပုံံစံမျိုး မဟုတ်ဘူး၊ အသေအလဲ တောင့်ခံခဲ့တယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
“ကျွန်တော်တို့ဘက်က ဖြတ်တောက်ရေးရော တိုက်ခိုက်ရေးရော တော်တော်လေးကောင်းခဲ့လို့ (သူတို့) ဘယ်လိုမှ အခြေအနေမဟန်တော့မှ လက်လွှတ်လိုက်ရ တာ”
ရက်ရှည်တိုက်ခိုက်ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် ဗျူဟာ ၄၁ မှ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်၊ ရုပ်အလောင်းကို ဇာတိမြေသို့ ပြန်မပို့နိုင်သည့်တိုင် အရိုးပြာကို မိသားစုထံ ပို့ဆောင်ပေးခဲ့သည်ဟု ဗျူဟာ ၄၁ တာဝန်ရှိသူက ဆိုသည်။
တော်လှန်ရေးအင်အားစုဘက်မှ ထိခိုက်မှု အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကသုံးလုံးနယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်သည့် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခြင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်တို့နှင့် ဆက်သွယ်ရေးအတွက် အခရာကျသည့် ခြေကုပ်နေရာတစ်ခု ရရှိခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
“ရှမ်းမြောက်၊ ကချင်ကနေ စီးဆင်းလာမယ့် စစ်ကိုင်း၊ မကွေး၊ ချင်းအတွက် ဆက်သွယ်ရေးလမ်း ဝင်ပေါက်တစ်ခုကို ရလိုက်တဲ့အတွက် တော်တော်ကြီးကို အကျိုးရှိတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအနောက်မြောက်ဘက်ရှိ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ ကချင်ပြည်နယ်နှင့် ကပ်နေသည့် မော်လူးမြို့ တို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ထားပြီးဖြစ်သည့်နည်းတူ စစ်ကိုင်းတိုင်း အရှေ့ဘက်ခြမ်း မန္တလေးတိုင်းတွင်လည်း တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးတို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်သည်။
မြို့ကို ဆက်လက် ထိန်းချုပ်နိုင်မှု
ကာလရှည်ကြာတိုက်ခိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ရေရှည်ထိန်းချုပ် စိုးမိုးနိုင်ရေးမှာ တော်လှန်ရေးအင်အားစု ရင်ဆိုင်ရမည့် အခက်အခဲ ဖြစ်လာသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစပြီး စစ်ကိုင်းတိုင်းအတွင်း မြို့ ၇ မြို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့သော်လည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ကောလင်းနှင့် ဒီပဲယင်းကို ပြန်လည်လက်လွှတ်ခဲ့ရသည့် အတွေ့အကြုံရှိထားပြီးဖြစ်သည်။
ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးယန္တရား ထူထောင် လည်ပတ်ခဲ့ပြီး နွေဦးဘဏ်ဖွင့်နိုင်မည်အထိပင် မျှော်မှန်းခဲ့ကြသည်။
သို့သော်လည်း လပိုင်းအကြာတွင် စစ်တပ်က ကောလင်းကို အင်အားအလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင် လာရာ ယခုနှစ် ဖေဖော်ဝါရီလတွင် တော်လှန်ရေးတပ်ဖွဲ့များမြို့မှ ပြန်လည်ဆုတ်ခွာသွားသည်။
ပြီးခဲ့သည့်လကလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးရှိ ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစု က သိမ်းပိုက်သည့် နေ့တွင်းချင်းမှာပင် စစ်တပ်က လေကြောင်းမှ အင်အားအလုံးအရင်းဖြင့် စစ်ကူပို့ပြီး မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
စစ်ကောင်စီက လေကြောင်းမှ စစ်ကူပေးပို့ခြင်း၊ အမြောက်တပ်ရှိရာ ဝန်းသို၊ ဖောင်းပြင် ဘက်မှ မြေပြင်စစ်ကူ စစ်ကြောင်း စေလွှတ်ခြင်းတို့ဖြင့် တုံ့ပြန်လာနိုင်ချေရှိသော်လည်း လက်ရှိအချိန်ထိ ထိုသို့သော လှုပ်ရှားမှုများ မရှိသေးကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
ကောလင်းဖြစ်စဉ်ကို သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသည့်အတွက် ပင်လည်ဘူးမြို့ ကို ရေရှည်ထိန်း ထားနိုင်မည်ဟု တော်လှန်ရေးအင်အားစုက မျှော်လင့်ထားသည်။
Post a Comment