မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် မလိုလားတဲ့ သဘောထား မြင့်တက်လာထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား တရားဝင် ကိန်းဂဏန်းအရ ၂ သန်းရှိပြီး တရားမဝင် နေထိုင်လုပ်ကိုင်နေကြတဲ့ အရေအတွက်က တရားဝင်အရေအတွက် ထက်ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အချို့ခန့်မှန်းတဲ့ ကိန်းဂဏန်းက စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၅ သန်းကနေ ၆ သန်းလောက်ထိ ရှိလိမ့်မယ်လို့ မှန်းဆကြတာလည်း တွေ့ရပါတယ်။ မြန်မာ ရွှေ့ပြောင်း လုပ်သားအပြင် အလည်အပတ် ဗီဇာ၊ ပညာရေးဗီဇာ၊ အခြေခံပညာကျောင်းထားပြီး မိဘအုပ်ထိန်းသူ အဖြစ်နဲ့နေထိုင်တာ၊ အသက် ၅၀ ကျော် ပင်စင်စားဗီဇာ စသဖြင့် တရားဝင် ဗီဇာနဲ့ နေထိုင်နေကြသူတွေလည်း သိန်းဂဏန်းအထိ ရှိနေလိမ့်မယ်လို့ခန့်မှန်းကြပါတယ်။
အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ နိုင်ငံရေးသဘောထားကွဲလွဲသူတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ ပြည်တွင်းမှာ စစ်ပွဲတွေ ကျယ်ပြန့်လာပြီးနောက် စစ်ဘေးအန္တရာယ် ကို ထိုင်းနိုင်ငံကို တိမ်းရှောင်လာသူတွေ တစတစ များပြားလာနေပြီး မဲဆောက်၊ ဘန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်း နဲ့ အခြားမြို့တွေ နယ်တွေ အသီးသီးမှာ မြန်မာနိုင်ငံသားတွေ အများအပြား လုပ်ကိုင်နေထိုင်လာကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကျောင်းသား ၉၀၀ ကျော်ရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ ပညာသင်တဲ့ မေတ္တာရိပ် စာသင်ကျောင်း အပါအဝင် စုစုပေါင်း ကျောင်း ၆ ကျောင်းကို ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတာကြောင့် ဆိုပြီး ထိုင်းအစိုးရအာဏာပိုင်တွေက ပိတ်သိမ်းခိုင်းခဲ့ပါတယ်။ ဒီလို ပိတ်သိမ်းခိုင်းဖို့ ဖြစ်လာတဲ့ အကြောင်းခံတွေအနက် ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ မြန်မာနိုင်ငံတော် သီချင်းကို အဆိုပါ မေတ္တာရိပ်ကျောင်းမှာ သီဆိုနေတဲ့ ဗီဒီယိုဖိုင်က အခုလို ပိတ်သိမ်းတဲ့ အထိတွန်းအားတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ အချို့က ဆိုကြပါတယ်။ မေတ္တာရိပ် စာသင်ကျောင်းက ကျောင်းသားတွေ အနေနဲ့ ထိုင်းနိုင်ငံတော် သီချင်းကိုလည်း သီဆိုရသလို မြန်မာနိုင်ငံတော် သီချင်းကိုလည်း နေ့စဥ် သီဆိုရတဲ့ သဘောမျိုးလို့ ယူဆရပြီး ထိုင်းနိုင်ငံသားအချို့ရဲ့အမြင်မှာ ထိုင်းနိုင်ငံထဲက စာသင်ကျောင်းအနေနဲ့ မြန်မာနိုင်ငံတော် သီချင်းကို ဆိုစေတာကို လက်မခံနိုင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် ကန့်သတ်ချက်တွေ ထပ်မံတိုးမြှင့်စေဖို့ ထိုင်းနိုင်ငံက အဖွဲ့အစည်းအချို့က ဆန္ဒပြတဲ့ အကြောင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ကိုယ်ဝန်ရှိတဲ့အခါ မြန်မာနိုင်ငံကို ပြန်စေဖို့၊ ရွှေ့ပြောင်းလုပ်သား ဗီဇာကို ရက် ၉၀ ထက်မကျော်လွန်စေပဲ ရက် ၉၀ ပြည့်ရင် မိခင်နိုင်ငံပြန်ပြီး ပြန်လျှောက်ထားကာ ဝင်ရောက်စေဖို့ စတဲ့ နှိုးဆော်ချက်တွေနဲ့ ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ စီးပွားရေးအတွက် လိုအပ်တဲ့ အောက်ခြေသိမ်း အလုပ်အကိုင်တွေကို လုပ်ကိုင်ခြင်းအားဖြင့် ထိုင်းနိုင်ငံအတွက်လည်း လုပ်သားရှားပါးမှု၊ လုပ်အားခ စျေးသက်သာစွာ အလုပ်စေခိုင်းနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိတာဟာ မငြင်းနိုင်တဲ့ အကြောင်းတချက် ဖြစ်ပါတယ်။ တဖက်မှာလည်း မြန်မာရွှေ့ပြောင်း လုပ်သားတွေက ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အကိုင် ၈ မျိုးထဲက အချို့ကို တရားမဝင် လုပ်ကိုင်တာမျိုးတွေ၊ ရာဇဝတ်မှုကျူးလွန်မှုလိုမျိုးတွေ ကြားသိလာရတဲ့ဆီကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပေါ် ကန့်သတ်ချက်တွေ ထပ်မံတိုးမြှင့်ဖို့ လှုံ့ဆော်တဲ့ အမြင်တွေ လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မကြာသေးခင်က ထိုင်းဒေသ အာဏာပိုင်တွေက ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အချို့ ထပ်မံထွက်ပေါ်လာရာမှာ ဘန်ကောက်မြို့တော် မှာ လမ်းဘေးဈေးသည်အဖြစ် ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့် ရှိကြောင်း၊ လမ်းဘေးဈေးရောင်းတဲ့ အကူအနေနဲ့လည်း ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်းခွင့် မရှိကြောင်း အမိန့်ကို မကြာခင် ဘန်ကောက်မြို့တော်ဝန်က လက်မှတ်ထိုးအတည်ပြုဖွယ် ရှိတယ်လို့ ဆိုပါတယ်။
နောက် ကန့်သတ်ချက်တခုကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ အုတ်စီတဲ့ အလုပ်၊ ပန်းရံအချောကိုင်တဲ့ အလုပ်တွေကို စေခိုင်းမယ်ဆိုရင် အလုပ်ရှင်က သက်ဆိုင်ရာ အာဏာပိုင်တွေထံမှ ခွင့်ပြုချက် ရယူလျှောက်ထားပြီး ခွင့်ပြုချက်ရမှ စေခိုင်းရမယ် ဆိုတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အုတ်စီတာ၊ အင်္ဂတေ အချောကိုင် တာမျိုးကို အတိုင်းအတာတခုထိ ကျွမ်းကျင်တဲ့ အလုပ်အမျိုးအစားအဖြစ် သတ်မှတ်တဲ့ သဘောနဲ့ ထိုင်းလူမျိုးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အကာအကွယ်ပေးတဲ့ သဘောလို့ မှတ်ယူကောင်း မှတ်ယူနိုင်ပြီး ရွှေ့ပြောင်းလုပ်သားတွေ အဖို့ ပိုမိုတင်းကြပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ခံရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ထိုင်းလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာ ကော်မတီဥက္ကဌက မြန်မာ့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အကျိုးဆက်ကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ကိစ္စတွေကို စာနာဖို့ မေတ္တာရပ်ခံတဲ့ ပြောဆိုမှုလည်း ခုကာလမှာ တွေ့ရှိရပါတယ်။ သူက MFP လို့ အတိုကောက်ခေါ်ဆိုတဲ့ Moving Forward Party က ဖြစ်ပြီး မြန်မာ့အရေးကို စာနာသူ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပေါ်လစီတစိတ်တပိုင်းကို သြဇာရှိသော်လည်း အစိုးရအဖွဲ့ နဲ့ စစ်တပ်၊ အုပ်ချုပ်ရေးနယ်ပယ်က ဗြူရိုကရက်တွေ အားလုံးက အခုလို သဘောထားမျိုး ရှိတယ်လို့ မှတ်ယူလို့မရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိတဲ့ ထိုင်းစစ်တပ်ရဲ့ လုပ်ပိုင်ခွင့်၊ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ သြဇာအာဏာ လွှမ်းမိုးမှုတွေက မြန်မာ့ဒီမိုကရေစီ အရေးမှာပြည့်ပြည့်ဝဝနားလည် ထောက်ခံမှုရဖို့ မလွယ်ကူ တဲ့ သဘောလည်း တွေ့ရမှာဖြစ်ပါတယ်။
၂၀၁၅-၂၀၂၀ ကာလလို နိုင်ငံတကာကလည်း လေးစားအသိအမှတ်ပြုခံရတဲ့ ရွေးကောက်ခံ အစိုးရကာလလို ရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ ပတ်သက်လို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆွေးနွေးပြောဆိုမှုမျိုး မရနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံတွင်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေချိန်၊ စိုက်ပျိုးရေးလုပ်ငန်းကောင်းစွာ မလုပ်ကိုင်နိုင်တဲ့ အနေအထား၊ လက်ခစား စက်ရုံအလုပ်သမား အလုပ်အကိုင်အခွင့်အလမ်းတွေ သိသာစွာ ကျဆင်းလာနေချိန်၊ စစ်မှုမထမ်းမနေရ စုဆောင်းခံရတာတွေကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ ပြည်ပကို တရားဝင်ရော တရားမဝင်ပါ ထွက်ခွာနေကြချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ကို ရပ်တည်ပြောဆိုပေးနိုင်တဲ့ အစိုးရမျိုးလည်း မရှိတာ တွေ့ရမှာဖြစ်ပါတယ်။
ဒီလို အနေအထားမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေကို တတ်နိုင်သရွေ့တော့ လေးစားလိုက်နာပြီး နေထိုင်ကြရမယ့် နည်းလမ်းအပြင် အခြားရွေးစရာ မရှိတဲ့ အခြေအနေလည်း ဖြစ်ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
Post a Comment