ထီးချိုင့်မြို့နယ် ရဲစခန်းနှင့် စစ်စခန်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်သိမ်းပိုက် - Myanmar Now


တော်လှန်ရေးအင်အားစုက စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်  ထိုးစစ်ဆင်နေရာ  ယမန်နေ့ (ဩဂုတ် ၂၂) တွင် ဧရာဝတီမြစ်တစ်ဘက်ကမ်း မြတောင်ရွာရှိ ရဲစခန်းအပါအအဝင် စစ်တပ်စခန်းများကို  သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဩဂုတ် ၂၁ ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်တော်(KIA)၊ ကျောင်းသားတပ်မတော် (ABSDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

တိုက်ပွဲစတင်သည့်နေ့က မြို့အရှေ့ဘက်ကမ်း မြတောင်ရွာ လမ်းဆုံအနီး  ကာကင်းစခန်းအချို့ကို ရရှိခဲ့သည်၊ ဒုတိယနေ့တွင် ဗျူဟာအရ အရေးပါသည့် မြတောင်လမ်းဆုံ စခန်း၊ ထီးချိုင့်တံတားနှင့်   ဖောင်တော်ဦးဘုရားအနီးတွင် တပ်စွဲထားသည့်  စခန်းတို့ကို တိုက်ခိုက်  ရှင်းလင်းနိုင်ခဲ့သည်၊ တံတားပေါ်တွင် စစ်ကောင်စီတပ်က ဘန်ကာများဆောက်ကာ အခိုင်အမာ ခံစစ်ပြင်ထားသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၏  ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မြတောင်လမ်းဆုံလည်းရပြီ။ ခုံတုံလေးလည်းရပြီ၊ ဖောင်တော်ဦးဘုရားတွေလည်း ရသွားပြီ၊ အကုန်တော့ မကုန် သေးဘူး၊ တံတားကျန်သေးတယ်၊ တံတားပေါ်မှာတော့ သူတို့က ဘန်ကာတွေဆောက်ထားတယ်” ဟု အဆိုပါ ပအဖ အဖွဲ့ဝင်က ဆိုသည်။

ယမန်နေ့က  တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များမှ ရဲဘော်သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏  ထိခိုက်မှု  အခြေအနေကို မသိရသေးပေ။တောင်ကုန်းပေါ်ရှိ အခိုင်အမာ စခန်းများတွင် စစ်ကောင်စီက ဆက်လက်တပ်စွဲထားကြောင်း အဆိုပါ ပအဖ အဖွဲ့ဝင်က ပြောသည်။

“မြို့ထဲမှာက သုံးနေရာကျန်သေးတယ်၊ ကျောက်စေတီတောင်ရယ်၊ ဖက်တောင်ရယ်၊ မြသိန်းတန်တောင်ရယ်၊ မြသိန်းတန်တောင်က ရဲစခန်းဘေး ကပ်ရပ်ပဲ” ဟု သူက ပြောသည်။

တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီတပ်က ၎င်းတို့အားသာချက်ဖြစ်သည့်  လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေသည်၊ တိုက်ပွဲ ပထမနေ့တွင်  လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မြို့အနီး နီတာကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် နွားသုံး ကောင် သေဆုံးခဲ့သည်ဟု သိရသည်။

လေတပ်က နေ့စဉ်  ဗုံးအလုံးရေ ၅၀ မှ ၁၀၀ ကြား ကြဲချနေသဖြင့်  မြို့ပေါ်ရှိ နေအိမ်အားလုံးနီးပါး ပျက်စီးနေပြီဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုသည် ယခင်ကလည်း ထီးချိုင့်မြို့စခန်းများကို ထိုးစစ်ဆင်ခဲ့ရာ  တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသဖြင့်  မြို့မဈေးအပါအဝင် မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး မီးလောင်ပြာကျထားပြီး ယခု လေကြောင်းမှ ထပ်မံ ဗုံးကြဲမှုကြောင့် ပိုမို ပျက်စီးသွားသည်၊  မြို့ပေါ်ရှိ နဝရတ်ရပ်ကွက်၊ စံပြရပ်ကွက်နှင့် ဥယျာဉ်ကုန်းရပ်ကွက်တို့မှ နေအိမ်အချို့သာ အကောင်းအတိုင်း ကျန်တော့သည်ဟု သိရသည်။

အဆောက်ဦများ ဖျက်ဆီး၊ မီးရှို့မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု မကြာခဏဆိုသလို ငြင်းဆိုတတ်သည်။

ထီးချိုင့်မြို့တွင်းမြင်ကွင်းကို ဇန်နဝါရီ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-TR)

အင်းတော်တိုက်ပွဲ

ထီးချိုင့်၏ မြောက်ဘက် မိုင် ၄၀ ခန့်အကွာရှိ အင်းတော်မြို့ကိုလည်း တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။


အင်းတော်မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်၏ နဘားလမ်းဆုံးစခန်းနှင့် အခြားစခန်းငယ်များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး မြို့ပေါ်ရှိ စခန်းကုန်းတစ်ခုနှင့် အထပ်မြင့်တိုက်တို့ကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေသည်ဟု  တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီ စစ်တပ်ကုန်းပေါ့၊ အဲဒီကုန်းတစ်ခုတည်းကိုပဲ အင်အား ၃၀၀ လောက်ဖြည့်ထားတယ်၊  ပြီးတော့ အထပ်မြင့်တိုက်တစ်ခုမှာနေရာယူထားတယ်၊ ကျန်တဲ့နေရာတွေမှာတော့ ပြန့်ကျဲနေတာမရှိဘူး” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

“စစ်ကောင်စီတပ်က ခံစစ်ကောင်းကောင်းပြင်ထားတယ်ပြောတယ်၊ အဲဒီကုန်းကို ရဖို့ မလွယ်ကူတဲ့ အနေအထားပေါ့” 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အင်းတော်မြို့မဈေး နှင့် မြို့ပေါ်ရှိ နေအိမ်အချို့ ပျက်စီးသွားသည်ဟု သိရသည်။

အင်းတော်မြို့တိုက်ပွဲအခြေအနေကိုလည်း စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

 ABSDF အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ကျော်လင်းက  ၎င်းတို့၏ စစ်ကြောင်း (၁) က အင်းတော်တိုက်ပွဲ၊ စစ်ကြောင်း(၂)က   ထီးချိုင့်တိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်နေသည်ဟု ပြောသည်။တိုက်ပွဲအတွင်း ၎င်းတို့၏တပ်ဖွဲ့ဝင်များ၏ အခြေအနေများကို ဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ်မသိရသေးကြောင်း သူက ဆိုသည်။

ထီးချိုင့်မြို့ အမှတ် (၃) ရပ်ကွက် မီးလောင်နေသည်ကို ယမန်နှစ် ဒီဇင်ဘာက တွေ့ရစဉ်။ (ဓာတ်ပုံ-TR)

နိုင်ငံအလယ်ပိုင်းမှ ကချင်ပြည်နယ်သို့ ဝင်ရောက်ရာလမ်းကြောင်းများ ဖြစ်သည့် ဧရာဝတီမြစ်ကြောင်းလမ်း၊ ဧရာဝတီမြစ်အရှေ့ဘက်ရှိ မန္တလေး-မြစ်ကြီးနားလမ်းနှင့် မြစ်အနောက်ဘက်ရှိ ရွှေဘို-မြစ်ကြီးနား စသည့် ဗျူဟာလမ်းမကြီးများသည် ထီးချိုင့်မြို့မှ ဖြတ်သန်းရပြီး ထိုဒေသများကို ထိန်းချုပ်နိုင်ရေးမှာ စစ်တပ်အတွက် သာမက တော်လှန်ရေးအင်အားစုအတွက်လည်း အရေးပါလှသည်။

ဇူလိုင်လကုန်ပိုင်းက မြတောင်၏ တောင်ဘက် ၉ မိုင်ကျော်ခန့်အကွာ မောင်းကုန်းရွာရှိ တကောင်းနီကယ် စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုထံ လက်နက်ချခဲ့သည်။

အင်းတော်မြို့မှာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်တွင်ရှိကာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

အင်းတော်မြို့မြောက်ဘက် မိုင် ၅၀ ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက် တွင် KIA, ABSDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

အင်းတော်၊ ထီးချိုင့်မြို့တို့နှင့်အပြိုင် ပင်လည်ဘူးမြို့ကိုလည်း  ပူးပေါင်းတပ်က ထိုးစစ် ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ပြည်နယ်များတွင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များက အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသလို  စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲတချို့ ဖော်ဆောင်နေသည်။

ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူးနှင့် မြို့သစ်မြို့၊ မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။





Source link

Post a Comment

Previous Post Next Post